Showing posts with label Life. Show all posts
Showing posts with label Life. Show all posts

Monday, August 13, 2007

လူငယ်နှင့် ရည်မှန်းချက်

ဆရာမခင်စောတင့်ရဲ့ အချိန်လေးတော့ပေးလိုက်ပါ စာအုပ်ထဲကပဲ လူငယ်နှင့် ရည်မှန်းချက် ဆိုတဲ့ ဆောင်းပါးလေးကိုလဲ သဘောကျမိတယ်။ အဲဒီထဲက အတုယူမှတ်သားထားသင့်တာလေးတွေက .....

လူငယ်တွေကို စကားလေး သုံးခွန်း လက်ဆောင်ပေးပါရစေ။
၁။Hard Work - ၀ီရိယထည့်ပြီး လုပ်ရတဲ့ ခက်ခဲတဲ့ အလုပ်။
၂။Risk Taking -စွန့်ရဲတဲ့စိတ်နဲ့ စွန့်စွန့်စားစားလုပ်ရဲဖို့။
၃။Innovation -ဆန်းသစ်တီထွင်ဖို့ သို့မဟုတ် စနစ်သစ်ကို ပြောင်းလဲကျင့်သုံးဖို့။

နေ့စဉ်လုပ်နေရတဲ့ ခက်ခဲတဲ့အလုပ်အပေါ်မှာ စိတ်ထက်သန်မှုကိုရဖို့ တွန်းအားလိုအပ်နေရင် အောက်ပါစကားတွေကို ပြောကြည့်စေလိုပါတယ်။

-ငါ့အတွက် မလုပ်နိုင်တဲ့ အလုပ်ဆိုတာ မရှိဘူး။
-ငါဟာ ဘာမဆိုလုပ်ဖို့ အင်အားရှိတယ်။
-ဒီနေ့အဖို့ အလုပ်အားလုံးကို လုပ်ဖို့ ငါ့မှာ အရည်အသွေးရှိတယ်။
-ငါဟာ အလုပ်ထဲမှာ အောင်မြင်နေတယ်။ နောက်ကိုလည်း ဆက်ပြီး အောင်မြင်အောင် လုပ်ဆောင်မယ်။
-ဒီနေ့စာ ဒီနေ့ပဲ မနက်ဖြန်မဟုတ်ပါ။

One can never consent to creep when one feels an impulse to soar.
"ကောင်းကင်ကိုပျံဖို့ စိတ်အားထက်သန်နေတဲ့သူဟာ လေးဘက်သွားခိုင်းတာကို ဘယ်လိုမှ ကျေကျေနပ်နပ် လက်ခံနိုင်မှာ မဟုတ်ဘူး"

အချိန်လေးတော့ပေးလိုက်ပါ

ဒီတစ်ပတ် ရုံးပိတ်ရက် ၃ ရက်မှာ ဂျူး ရဲ့ ကြာတော့သည်လည်းမောင့်စကားနဲ့ ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ် ကို ပြန်ဖတ်မိတယ်။ နောက်ပြီးတော့ သူငယ်ချင်းဆီက ဆရာမခင်စောတင့်ရဲ့ အချိန်လေးတော့ ပေးလိုက်ပါ စာအုပ်လေးဖတ်မိတယ်။ အဲဒီထဲက အချိန်ယူလုပ်ဖို့ အကြောင်းအရာ ၁၂ မျိုးကို သဘောကျလို့ သူငယ်ချင်းတွေ အတွက် ပြန်လည်ဝေမျှလိုက်ပါရစေ။

အချိန်ယူလုပ်ဖို့ အကြောင်းအရာ(၁၂)မျိုး

(၁) အလုပ်လုပ်ဖို့ အချိန်ယူပါ။ အောင်မြင်နိုင်ဖို့ ထိုက်တန်တဲ့တန်ဖိုးဖြစ်တယ်။

(၂)တွေးဖို့ အချိန်ယူပါ။ စွမ်းအားဖြည့်ဖို့ ဇစ်မြစ်ဖြစ်တယ်။

(၃)ကစားဖို့ အချိန်ယူပါ။ လူငယ်ဘ၀ရဲ့ သော့ချက်ဖြစ်တယ်။

(၄)စာဖတ်ဖို့ အချိန်ယူပါ။ အသိပညာအတွက် အုတ်မြစ်ဖြစ်တယ်။

(၅)ယုံကြည်ကိုးကွယ်ရန် အချိန်ယူပါ။ ကြည်ညိုလေးစားခြင်းရဲ့ လမ်းမကြီးဖြစ်တယ်။ ပြီးတော့ သင့်အမြင်ကို ဖုံးကွယ်ထားတဲ့ အမှုန်အမွှားတွေကို ဆေးကြောပစ်တာလည်း ဖြစ်တယ်။

(၆)မိတ်ဆွေတွေကို ကူညီဖို့နဲ့ သူတို့နဲ့ ချစ်ကြည်ပျော်မွေ့ဖို့ အချိန်ယူပါ။ စိတ်ချမ်းသာ ပျော်ရွှင်ဖို့အတွက် လမ်းအစဖြစ်တယ်။

(၇)ချစ်ခြင်းမေတာပေးဝေဖို့ကို အချိန်ယူပါ။ ဘ၀ရဲ့ မင်္ဂလာတစ်ပါးဖြစ်တယ်။

(၈)စိတ်ကူးယဉ် အိမ်မက်မက်ဖို့ အချိန်ယူပါ။ စိတ်ကို ကြယ်တွေဆီအထိရောက်အောင် ပို့ပေးမှာဖြစ်တယ်။

(၉)ရယ်မောဖို့ အချိန်ယူပါ။ ဘ၀ရဲ့ ၀န်ထုပ်ဝန်ပိုးကို လျော့ပါးစေမယ့် တေးသီဆိုမှုတစ်မျိုးဖြစ်တယ်။

(၁၀)အလှအပကို ခံစားဖို့ အချိန်ယူပါ။ သဘာဝတရားထဲမှာ နေရာအနှံ့တွေ့နိုင်ပါတယ်။

(၁၁)ကျန်းမာရေးအတွက် အချိန်ယူပါ။ ဘ၀အတွက် စစ်မှန်တဲ့ ကြွယ်ဝမှုရဲ့ ရတနာသိုက်ဖြစ်တယ်။

(၁၂)စီမံကိန်းချဖို့ အချိန်ယူပါ။ အထက်ပါ အချက် (၁၁) ချက်ကို အချိန်ယူပြုလုပ်ရန် အချိန်ကို ခွဲဝေပေးနိုင်စွမ်းရှိတဲ့ လျှို့ဝှက်ချက်ဖြစ်တယ်။

Sunday, June 24, 2007

စိတ်ညစ်စရာများ

အခုတစ်လော စိတ်ညစ်စရာတွေများတယ်။ လူပင်ပန်း စိတ်ပင်ပန်း။
စိတ်ညစ်တယ်။
စိတ်ညစ်တယ်။
စိတ်ညစ်တယ်။

Monday, June 4, 2007

ဘတ်စ်ကားသမားများ

မနေ့က ရုံးကပြန်တော့ the Mall ကနေ 122 စီးပြီး အိမ်ကို ပြန်ဖြစ်တယ်။ the Mall ကနေ အိမ်ကိုပြန်ရင် စီးစရာ ကားတွေပေါတယ်။ ဒီတော့လဲ တွေ့တဲ့ကားကို တက်စီးလိုက်တာပဲ။ ပြသနာက 122 ကားတွေက အရမ်းကြမ်းတယ်။ မှတ်တိုင်မှာ ဆင်းမဲ့သူပါလဲ ရပ်ချင်မှ ရပ်ပေးတယ်။ ကျော်ပြီးမှ ရပ်ပေးချင်ရပ်ပေးတယ်။ အဲဒီ တော့ ပြသနာဖြစ်ကြရော။ မှတ်တိုင်ရောက်ခါနီးလို့ bell တီးတော့ ကားကို ရပ်မပေးဘူး။ ဘေးကနေကျော်တက်ပြီး တခြားကားနဲ့ ပြိုင်မောင်းနေလို့။ နောက်တစ်မှတ်တိုင်ကျမှ ရပ်ပေးတယ်။ အဝေးကြီး လမ်းပြန်လျှောက်လိုက်ရတယ်။ နှမခြင်းမစာမနာ..သူတို့ကားပြိုင်မောင်းချင်တာနဲ့။ နောက်တစ်ခါ 122 ဘယ်တော့မှ မစီးဘူးလို့ ဆုံးဖြတ်ထားတယ်။ အခုဒါက ပထမ အခေါက်လဲ မဟုတ်ဘူး။ တစ်ခါတစ်လေ အဲလိုကားသမားမျိုး အမြဲတွေ့တယ်။ လမ်းလျှောက်ပြန်လာရင်းနဲ့ ကားသမားတွေ ကားစပါယ်ယာတွေ အကြောင်းကို တွေးမိတယ်။

ဘတ်စ်ကားသမားများ

(၁)တစ်ချို့ ကားသမားတွေက အရမ်းသဘောကောင်းကြတယ်။ မှတ်တိုင်မှာလဲ သေသေချာချာရပ်ပေးကြသလို စီးမယ့်သူက တားရင်လဲ ရပ်ပေးကြတယ်။ ကားမောင်းတာလဲ ဂရုစိုက်ကြတယ်။ မတ်တတ်ရပ်နေတဲ့သူတွေ ရပ်ရခက်အောင် မလုပ်ကြဘူး။ Break အုပ်ရင်လဲ ညင်ညင်သာသာပဲ။ ကလေးတွေနဲ့ သက်ကြီးရွယ်အို အဘိုးအဘွားတွေ ဆင်းမယ်ဆိုရင်လဲ သေသေချာချာ ရပ်ပေးကြတယ်။

(၂)တစ်ချို့ကားသမားတွေက အရမ်းစိတ်ရှည်လွန်းတယ်။ စီးမယ့်သူ ရှိရှိ မရှိရှိ မှတ်တိုင်တိုင်းမှာ ရပ်တယ်။ မှတ်တိုင် မဟုတ်လဲ လမ်းမှာ လက်ပြပြီးတားတဲ့ သူတွေကိုလဲ ရပ်ပေးတယ်။ သူတို့နဲ့တွေ့ရင် အမြန်လိုတဲ့ အချိန်ကြရင် နဲနဲစိတ်ညစ်ရတာက လွဲလို့ ကိုယ်ဆင်းရမယ့် အချိန်အတွက် စိတ်ချမ်းသာရတယ်။

(၃)တစ်ချို့ကားသမားတွေက သွက်တယ်။ မှတ်တိုင်မှာ လူမရှိရင် မရပ်တော့ဘူး။ အဝေးကနေကြိုကြည့်ထားတယ်။ ကားရှင်းရင် ရှင်းသလို သွက်သွက်လက်လက်မောင်းပေးတယ်။ ဆင်းမယ့်သူ တက်မယ့်သူရှိရင်လဲ ချက်ခြင်းမှတ်တိုင်ကို ၀င်လိုက်တယ်။ ခပ်သွက်သွက်လေး ပြန်မောင်းထွက်တယ်။ ဒါပေမယ့် ကားမောင်းတာ မရမ်းဘူး။ သူတို့နဲ့တွေ့ရင် ကိုယ်သွားမယ့် ခရီးကို ခပ်မြန်မြန်လေးရောက်တယ်။

(၄)တစ်ချို့ကားသမားတွေက စိတ်မရှည်ကြဘူး။ မှတ်တိုင်မှာ တက်မယ့်သူက လက်ပြနေပေမယ့်လဲ ရပ်ပေးချင်မှ ရပ်ပေးတယ်။ မမြင်ချင်ယောင်ဆောင်ပြီး လမ်းလယ်ကနေ တစ်ခြားကားတွေကို ကျော်တက်သွားတယ်။ အဲလိုပဲ ဆင်းမယ့်သူရှိလဲ မှတ်တိုင်မှာ တခြားဘတ်စ်ကားတွေ တန်းစီနေရင် နောက်ကနေ စောင့်ပြီးမရပ်ချင်တော့ဘူး။ အဲလိုမျိုးဆိုရင် အဝေးကြီးကထဲက ဆင်းရင်ဆင်းထား...ဒါမှမဟုတ်ရင်တော့ မှတ်တိုင်ကို ကျော်ပြီး အဝေးကြီးမှာ ရပ်ရင်ရပ်..မရပ်ရင်တော့ နောက်တစ်မှတ်တိုင် ရောက်ပြီသာမှတ်။ ဒါပေမယ့် သူတို့က ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။

(၅)တစ်ချို့ကားသမားတွေက ကားကို အရမ်းမောင်းတယ်။ ပြိုင်ချင်တယ်။ Break ကို ဆောင့်ဆောင့်ပြီးအုပ်တယ်။ ကားပေါ်မှာ ရပ်နေတဲ့သူတွေကို ဂရုမစိုက်ဘူး။ ဖြစ်ချင်တာဖြစ်။ Bell တီးရင်လဲ ရပ်ပေးချင်မှ ရပ်ပေးတယ်။ တက်မယ့်သူရှိလဲ မသိသလိုနဲ့ ကျော်သွားကြတယ်။ မှတ်တိုင်နီးရင်တော့ အကြောင်းမဟုတ်ဘူး။ မှတ်တိုင်တွေ ဝေးတဲ့အခါ မှတ်တိုင်ကျော်ဆင်းရတဲ့ သူတွေက စိတ်ညစ်ကြရတယ်။ ကားကလဲ အကြမ်းပတမ်းမောင်းတော့ ဆင်းခါနီးရင်လဲ လဲမှာစိုးရ..သူများကို တိုက်မိခိုက်မိမှာစိုးရ။ ကိုယ့်ကိုလဲ သူများတွေလို မှတ်တိုင်ကျော်ပြီး ရပ်မလား မရောက်ခင်ကတည်းက ရပ်မလား စိတ်ပူနေရတယ်။ မျက်နှာထားတွေကလဲ လုပ်ချင်တာလုပ်မယ် ဆိုတဲ့ မျက်နှာထားတွေနဲ့။


အမှန်တကယ်တော့ ဒါတွေဟာ ကိုယ်ကျရာ တာဝန်မှာ ထမ်းဆောင်နေကြရတဲ့ လူတွေရဲ့ စိတ်ဓါတ်တွေပါ။ သင်ရော..ဘယ်လို လူမျိုးလဲ။ ကိုယ်ကျတဲ့ တာဝန်မှာ တာဝန်ကြေရဲ့လား။ ကိုယ့်ကြောင့် လူတစ်ဖက်သားမှာ စိတ်ဆင်းရဲသွားရသလား။ စိတ်ချမ်းသာသွားရသလား။ ပြန်လယ်ဆန်းစစ်ကြည့်ပါ။