Monday, June 4, 2007

ဘတ်စ်ကားသမားများ

မနေ့က ရုံးကပြန်တော့ the Mall ကနေ 122 စီးပြီး အိမ်ကို ပြန်ဖြစ်တယ်။ the Mall ကနေ အိမ်ကိုပြန်ရင် စီးစရာ ကားတွေပေါတယ်။ ဒီတော့လဲ တွေ့တဲ့ကားကို တက်စီးလိုက်တာပဲ။ ပြသနာက 122 ကားတွေက အရမ်းကြမ်းတယ်။ မှတ်တိုင်မှာ ဆင်းမဲ့သူပါလဲ ရပ်ချင်မှ ရပ်ပေးတယ်။ ကျော်ပြီးမှ ရပ်ပေးချင်ရပ်ပေးတယ်။ အဲဒီ တော့ ပြသနာဖြစ်ကြရော။ မှတ်တိုင်ရောက်ခါနီးလို့ bell တီးတော့ ကားကို ရပ်မပေးဘူး။ ဘေးကနေကျော်တက်ပြီး တခြားကားနဲ့ ပြိုင်မောင်းနေလို့။ နောက်တစ်မှတ်တိုင်ကျမှ ရပ်ပေးတယ်။ အဝေးကြီး လမ်းပြန်လျှောက်လိုက်ရတယ်။ နှမခြင်းမစာမနာ..သူတို့ကားပြိုင်မောင်းချင်တာနဲ့။ နောက်တစ်ခါ 122 ဘယ်တော့မှ မစီးဘူးလို့ ဆုံးဖြတ်ထားတယ်။ အခုဒါက ပထမ အခေါက်လဲ မဟုတ်ဘူး။ တစ်ခါတစ်လေ အဲလိုကားသမားမျိုး အမြဲတွေ့တယ်။ လမ်းလျှောက်ပြန်လာရင်းနဲ့ ကားသမားတွေ ကားစပါယ်ယာတွေ အကြောင်းကို တွေးမိတယ်။

ဘတ်စ်ကားသမားများ

(၁)တစ်ချို့ ကားသမားတွေက အရမ်းသဘောကောင်းကြတယ်။ မှတ်တိုင်မှာလဲ သေသေချာချာရပ်ပေးကြသလို စီးမယ့်သူက တားရင်လဲ ရပ်ပေးကြတယ်။ ကားမောင်းတာလဲ ဂရုစိုက်ကြတယ်။ မတ်တတ်ရပ်နေတဲ့သူတွေ ရပ်ရခက်အောင် မလုပ်ကြဘူး။ Break အုပ်ရင်လဲ ညင်ညင်သာသာပဲ။ ကလေးတွေနဲ့ သက်ကြီးရွယ်အို အဘိုးအဘွားတွေ ဆင်းမယ်ဆိုရင်လဲ သေသေချာချာ ရပ်ပေးကြတယ်။

(၂)တစ်ချို့ကားသမားတွေက အရမ်းစိတ်ရှည်လွန်းတယ်။ စီးမယ့်သူ ရှိရှိ မရှိရှိ မှတ်တိုင်တိုင်းမှာ ရပ်တယ်။ မှတ်တိုင် မဟုတ်လဲ လမ်းမှာ လက်ပြပြီးတားတဲ့ သူတွေကိုလဲ ရပ်ပေးတယ်။ သူတို့နဲ့တွေ့ရင် အမြန်လိုတဲ့ အချိန်ကြရင် နဲနဲစိတ်ညစ်ရတာက လွဲလို့ ကိုယ်ဆင်းရမယ့် အချိန်အတွက် စိတ်ချမ်းသာရတယ်။

(၃)တစ်ချို့ကားသမားတွေက သွက်တယ်။ မှတ်တိုင်မှာ လူမရှိရင် မရပ်တော့ဘူး။ အဝေးကနေကြိုကြည့်ထားတယ်။ ကားရှင်းရင် ရှင်းသလို သွက်သွက်လက်လက်မောင်းပေးတယ်။ ဆင်းမယ့်သူ တက်မယ့်သူရှိရင်လဲ ချက်ခြင်းမှတ်တိုင်ကို ၀င်လိုက်တယ်။ ခပ်သွက်သွက်လေး ပြန်မောင်းထွက်တယ်။ ဒါပေမယ့် ကားမောင်းတာ မရမ်းဘူး။ သူတို့နဲ့တွေ့ရင် ကိုယ်သွားမယ့် ခရီးကို ခပ်မြန်မြန်လေးရောက်တယ်။

(၄)တစ်ချို့ကားသမားတွေက စိတ်မရှည်ကြဘူး။ မှတ်တိုင်မှာ တက်မယ့်သူက လက်ပြနေပေမယ့်လဲ ရပ်ပေးချင်မှ ရပ်ပေးတယ်။ မမြင်ချင်ယောင်ဆောင်ပြီး လမ်းလယ်ကနေ တစ်ခြားကားတွေကို ကျော်တက်သွားတယ်။ အဲလိုပဲ ဆင်းမယ့်သူရှိလဲ မှတ်တိုင်မှာ တခြားဘတ်စ်ကားတွေ တန်းစီနေရင် နောက်ကနေ စောင့်ပြီးမရပ်ချင်တော့ဘူး။ အဲလိုမျိုးဆိုရင် အဝေးကြီးကထဲက ဆင်းရင်ဆင်းထား...ဒါမှမဟုတ်ရင်တော့ မှတ်တိုင်ကို ကျော်ပြီး အဝေးကြီးမှာ ရပ်ရင်ရပ်..မရပ်ရင်တော့ နောက်တစ်မှတ်တိုင် ရောက်ပြီသာမှတ်။ ဒါပေမယ့် သူတို့က ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။

(၅)တစ်ချို့ကားသမားတွေက ကားကို အရမ်းမောင်းတယ်။ ပြိုင်ချင်တယ်။ Break ကို ဆောင့်ဆောင့်ပြီးအုပ်တယ်။ ကားပေါ်မှာ ရပ်နေတဲ့သူတွေကို ဂရုမစိုက်ဘူး။ ဖြစ်ချင်တာဖြစ်။ Bell တီးရင်လဲ ရပ်ပေးချင်မှ ရပ်ပေးတယ်။ တက်မယ့်သူရှိလဲ မသိသလိုနဲ့ ကျော်သွားကြတယ်။ မှတ်တိုင်နီးရင်တော့ အကြောင်းမဟုတ်ဘူး။ မှတ်တိုင်တွေ ဝေးတဲ့အခါ မှတ်တိုင်ကျော်ဆင်းရတဲ့ သူတွေက စိတ်ညစ်ကြရတယ်။ ကားကလဲ အကြမ်းပတမ်းမောင်းတော့ ဆင်းခါနီးရင်လဲ လဲမှာစိုးရ..သူများကို တိုက်မိခိုက်မိမှာစိုးရ။ ကိုယ့်ကိုလဲ သူများတွေလို မှတ်တိုင်ကျော်ပြီး ရပ်မလား မရောက်ခင်ကတည်းက ရပ်မလား စိတ်ပူနေရတယ်။ မျက်နှာထားတွေကလဲ လုပ်ချင်တာလုပ်မယ် ဆိုတဲ့ မျက်နှာထားတွေနဲ့။


အမှန်တကယ်တော့ ဒါတွေဟာ ကိုယ်ကျရာ တာဝန်မှာ ထမ်းဆောင်နေကြရတဲ့ လူတွေရဲ့ စိတ်ဓါတ်တွေပါ။ သင်ရော..ဘယ်လို လူမျိုးလဲ။ ကိုယ်ကျတဲ့ တာဝန်မှာ တာဝန်ကြေရဲ့လား။ ကိုယ့်ကြောင့် လူတစ်ဖက်သားမှာ စိတ်ဆင်းရဲသွားရသလား။ စိတ်ချမ်းသာသွားရသလား။ ပြန်လယ်ဆန်းစစ်ကြည့်ပါ။

2 comments:

Min Thu said...

you shall also post it as English language. so everyone can read about Bangkok bus services. :)

Kyaw said...

I miss bangkok :(

KoCho