Wednesday, May 7, 2008

တစ်ကြိမ်မှာ တစ်ခု

တစ်ကြိမ်မှာ တစ်ခု
ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှင်းသော maxico ကမ်းခြေတစ်ခုမှာ သူတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို ပြောပြသည်။

နေ၀င်ဆည်းဆာချိန် ကမ်းခြေမှာ သူတစ်ယောက်တည်းလျှောက်သွားတုန်းက ဟိုးအဝေးဆီမှာ လူတစ်ယောက်
ကိုလှမ်းမြင်ရသည်။ နည်းနည်းနီးလာတော့ ဒေသခံလူတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။ သည်လူက ကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့် သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကောက်ကာ ပင်လယ် ရေထဲ လွှင့်ပစ်သည်။ သည့်နောက် အဲသည်လိုပဲ နည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူ လိုက် လွှင့်ပစ်လိုက် လုပ်နေသည်။

ကျွန်တော်တို့ မိတ်ဆွေက သူ့အနားရောက်သွားပြီး သေသေချာချာကြည့်တော့ လှိုင်းနှင့်ပါလာပြီး သဲသောင် ပြင်ပေါ် တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲပြန်ပစ်ထည့်ပေးနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

သည်လူ ဘာရည်ရွယ်ချက်နှင့် လုပ်နေသလဲ ကျွန်တော့်မိတ်ဆွေ စဉ်းစားမရဖြစ်သွားသည်။ သို့နှင့် သူ့ကို နှုတ်ဆက်ပြီး တည့်တည့်ပင်မေးကြည့်သည်။

“မသိလို့ မေးပါရစေဗျာ ။ မိတ်ဆွေ ဘာလုပ်နေတာပါလိမ့်“


“ကြယ်ငါးတွေကို သမုဒ်ဒရာထဲ ပြန်ပို့ပေးနေတာလေ။ ခင်ဗျား မြင်တဲ့ အတိုင်းပဲ။ အခု ဒီရေကျချိန် သောင်ပြင် ပေါ်မှာ တင်ကျန်ခဲ့တဲ့ကောင်တွေဟာ ရေတက်တဲ့အချိန်ရောက်အောင် အကြာကြီးစောင့်နေရမှာ။ ဒါပေမယ့် ဒီလောက်ကြာရင် အောက်စီဂျင်ပြတ်ပြီးသေမှာပဲ။ “

“ဟုတ်ကဲ့ အဲဒါတော့ ကျွန်တော်လဲ သဘောပေါက်ပါတယ်။“ ကျွန်တော်တို့ မိတ်ဆွေက ဆိုသည်။


“ဒါပေမယ့် ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေ ထောင်ချီပြီး ရှိနေမှာပေါ့ဗျာ။ အဲဒီကောင်တွေ အားလုံးကို ခင်ဗျားဘယ်လို လိုက်ကောက်မလဲ။ တစ်ယောက်ထဲ မနိုင်နိုင်ဘူးလေဗျာ။ ပြီးတော့ စဉ်းစားကြည့်၊ ဒီကမ်းရိုးတန်း တစ်လျှောက်လုံးဆိုရင် အခုလို သဲသောင်ပြင်ပေါင်းရာချီရှိမှာပေါ့။ ဒီသောင်စပ်တိုင်းမှာ ရှိနေမယ့် ကြယ်ငါးတွေ ဘယ်လိုလုပ်မလဲ။ သူ့သဘာဝနဲ့သူ ဖြစ်နေတာ ခင်ဗျားတစ်ယောက်ကြောင့် ဘာတွေ ထူးထူးခြားခြား ပြောင်းလဲသွားနိုင်မလဲ။ “

ဒေသခံလူက ပြုံးသည်။ နောက်ထပ် ကြယ်ငါးတစ်ကောင် ကောက်သည်။ ထို့နောက် ...
“တစ်ခြားကောင်တွေ အတွက် မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့ ထူးခြားသွားတာပေါ့ဗျာ။ “ ဟုဆိုကာ ပင်လယ်ထဲ လှမ်းပစ်ထည့်လိုက်လေသည်။


[မူရင်း။ ။Jack Canfield and Mark V. Hansen တို့၏ One At A Time]

ဖေမြင့် ရဲ့ နှလုံးသားစာအဟာရ ထဲမှာ အမှတ်ရဆုံး ၀တ်ထုတိုလေးကို ပြပါဆိုရင် အပေါ်က “တစ်ကြိမ်မှာ တစ်ခု“ ဆိုတာလေးကို ပြရမယ်ထင်တယ်။ အကြောင်းတစ်စုံတစ်ရာ ဆုံလာတိုင်း အဲဒီ ကြယ်ငါးလေးတွေကို သတိရမိတယ်။ အားလုံးအတွက် တစ်ပြိုင်နက်ထဲ မကူညီနိုင်ပေမယ့် ကိုယ်ကူညီလိုက်နိုင်တဲ့ တစ်ယောက်က ကိုယ့်ကြောင့် တစ်ခုခုရသွား အဆင်ပြေသွားမယ်ဆိုရင် တော်တော်ဝမ်းသာစရာကောင်းမှာပဲ။

ရုံးကနေ အိမ်အပြန်မှာ ကားအရမ်းကြပ်တာကြောင့် အခုနောက်ပိုင်းမှာ boat စီးဖြစ်တယ်။ boat စီးရင် ထိုင်ခုံ တစ်တန်းကို လူ ၆ ယောက်ကနေ ၇ ယောက်လောက်ထဆန့်တယ်။ ကမ်းကို ကပ်ခါနီးတိုင်းမှာ စပယ်ယာက နဲနဲတိုးပေးကြဖို့ လိုက်လိုက်ပြောတယ်။ တစ်ချို့ကလဲ တိုးပေးကြတယ်။ တစ်ချို့ကလဲ မသိချင်ယောင်ဆောင်နေ ကြတယ်။ အဲလိုလူမျိုးတွေ မြင်ရင် တော်တော်အသဲယားတယ်။ ဘာလို့ အဲလိုလုပ်ကြသလဲ မသိဘူး။ ကိုယ်ကလဲ နဲနဲတိုး သူကလဲ နဲနဲလေးတိုးပေးလိုက်ရင် တစ်ယောက်စာလောက် နေရာထွက်လာမယ်။ အဲဒီတစ်ယောက်စာလောက်ဟာ ကိုယ့်အတွက်ဆိုရင် ဘယ်လောက်ဝမ်းသာရမလဲ။ အိမ်ပြန်ရဖို့အတွက် နောက်ထပ် boat တစ်စီးစောင့်စရာမလိုတော့ဘူး။ နောက်ထပ်နောက်မကျတော့ဘူး။ လူတွေအများကြီးအတွက် မတတ်နိုင်ပေမယ့် တစ်နိုင်သလောက် တစ်ယောက်စာအတွက် ကူညီနိုင်တာပဲလေ။

အခုလဲ ကိုယ့်တိုင်းပြည်မှာ ဒုတ်ခတွေရောက်နေတယ်။ များလွန်းလို့ မကူညီနိုင်ဘူးလို့ မထင်မိပါနဲ့။ ကိုယ်တတ်နိုင်သလောက် ကိုယ်တတ်နိုင်သရွေ့ ကူညီနိုင်တာပဲ။ “ဆင့်ပါးစပ်နှမ်းပက်“ “နှမ်းတစ်လုံးနဲ့ဆီမဖြစ်“ ပေမယ့် နှမ်းစိပေါင်းများစွာစုပြီး ဆီဖြစ်လာတာပဲလေ။ အားလုံးအတွက် မတတ်နိုင်ပေမယ့် ကိုယ်ကူညီလိုက်လို့ ရသွားတဲ့ သူတွေမှာ အကျိုးရှိနိုင်တာပဲမို့ တစ်ကြိမ်တစ်ခါလောက် ကြယ်ငါးကောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။။။။။


No comments: